Thursday, March 21, 2013

ဘာမဆိုသည်းခံ ဆရာတော်အရှင်ဥာဏုတ္တရ ( ဂျပန်သာသနာပြု )

ဘာမဆိုသည်းခံ( သည်းခံအားဖြည့် ခန္တီလင်္ကာ ) စာအုပ်မှ ကူးယူမျှဝေပါသည်

ခန္တီဟူသည် ......

သည်းခံခြင်းသည် ခန္တီမည်၏။
ခန္တီ=သည်းခံ၊ သဘောမှန်ကား၊
တုန့်ပြန်ဒေါသ၊ မရှိကြဘဲ၊
ဖြူစွမေတ္တာ၊ရှေးရှုကာဖြင့်၊
ပညာဥာဏ်ယှင်၊ စိတ်ဘ၀င်မှာ၊
အစဉ်အေးမြ၊ အဒေါသဖြင့်၊
နေကြခြင်းသာ၊ မူရင်းပါတည်း။

 မေတ္တာဥာဏ်ယှဉ် ၊သည်းခံလျှင်

ကြမ်းတမ်းဒေါသ ။ ရှိကြသူမှာ၊
အရာရာဝယ်၊ ဘယ်ဟာမဆို၊
ပြန်ကိုတွန်းလှန်၊ သည်းမခံဘူး။
ကြမ်းတမ်းဒေါသ၊ မရှိကြဘဲ ၊
အေးမြမေတ္တာ ၊ဥာဏ်ယှဉ်ပါ့လျှင်၊
အရာရာဝယ်၊ ဘယ်ဟာမဆို၊
ပြန်ကိုမလှန်၊ သည်းခံနိုင်၏။

 

ခန္တီပါရမီ

သည်းခံခြင်းကား ၊စိတ်ထားရှည်စွာ၊
ဥာဏ်ယှဉ်ကာဖြင့်၊ မေတ္တာလျှံဖိတ်၊
မျိုသိပ်အောင့်အည်း၊ မညည်းမညူ၊
ငြူစူမှုကင်း ၊ခွင့်လွှတ်ခြင်းမှီ၊
ခန္တီစင်စစ်၊ ပါရမီဖြစ်၏။

ကိုယ်ကျင့်ဖြင့်သာသည်းခံပါ ...

အရာရာမှာ၊ သီလမဲ့ကင်း၊ သည်းခံခြင်းထက်၊
သီလထည့်သွင်း၊ သည်းခံခြင်းသာ၊ မွန်မြတ်ရာ၏။

 

မေတ္တာဖြင့်သာ ၊ သည်းခံပါ

အရာရာမှာမေတ္တာမဲ့ကင်း၊ သည်းခံခြင်းထက်၊
မေတ္တာထည့်သွင်း၊ သည်းခံခြင်းသာ၊
မွန်မြတ်ရာ၏။

 

ဥာဏ်ဖြင့်ယှဉ်ကာ ၊သည်းခံပါ။

မေတ္တာဖြင့်သာ၊ သည်းခံပါလည်း၊
အရာရာမှာ၊ ဥာဏ်မပါဘဲ။
ပညာမဲ့ကင်း၊ သည်းခံခြင်းထက်၊
ဥာဏ်ကိုထည့်သွင်း၊ သည်းခံခြင်းသာ၊
မွန်မြတ်ရာ၏။

 ဒေါသနည်းရန်၊ အကျင့်မှန်။

ဒေါသနည်းရန် အကျင့်မှန်ကား၊
သည်းခံမှုက၊ ပထမ၊
သီလမြဲမြံ၊ သည်းခံကြလျက်၊
ဖြူစွမေတ္တာ၊ဥာဏ်လည်းပါမူ၊
ဆူပူဒေါသ၊ ကင်းငြိမ်းရ၏။

 

မုန်း၊ချစ်နှစ်တန် ၊ သည်းခံရန်။

နှစ်သက်ဖွယ်ရာ၊ မုန်းစရာများ။
ကြုံလာငြားက၊
လောဘ၊ ဒေါသ ၊မောဟတရား၊
မဖြစ်ပွားအောင်၊
စိတ်ထားမှန်ကန်၊
သတိဥာဏ်ဖြင့်၊သည်းခံလျက်သာ၊
နေကြရာ၏။    

 

 ကိုယ်ချင်းစာတရား၊ ရင်မှာထား။

ကူညီပေးက သူ့ဘ၀မှာ။
ချမ်းသာသုခ  ကောင်းကျိုးရ၏။
ငါမကူက၊သူ့ဘ၀မှာ၊
ဒုက္ခနှင့်သာ၊ တွေ့နိုင်ရာ၏။
မိမိစွမ်းအား၊သူတစ်ပါးက၊
အားကိုး၍သာ၊တောင်းခံလာမူ၊
ကူညီနိုင်က၊သည်းခံလျက်သာ၊
စေတနာထားမေတ္တာအားဖြင့်
ကူညီသင့်တာ၊ကူညီပါလော့။

 

ရန်စရှည်လေ၊ဆင်းရဲလေပဲ

ကမ္ဘာကြေကွဲ၊ ရန်မစဲဘဲ၊
ဖြစ်မြဲရန်ငြိုးထပ်ကာတိုးက၊
အကျိုးမဲ့စွာဖြစ်တတ်ရာ၏။

သည်းခံစိတ်ထား ကုသိုလ်ပွား။

ကုသိုလ်ဖြစ်ခြင်း၊အကြောင်းရင်းကား၊
မယွင်းမှန်စွာ၊စေတနာမှန်၊
သဒ္ဓါလျှံဖိတ်၊သည်းခံစိတ်ပဲ၊
သည်းခံစိတ်ထားရှိသူများ၌၊
ကုသိုလ်တရားအဖြစ်များ၍၊
မခြားနေ့ည၊ ချမ်းသာရ၏။
သည်းခံစိတ်ထား၊ထွန်းကားခန္ဓာ၊
ပြည်၊မြို့၊ရွာသည်၊ဘယ်ခါမပြတ်၊
အအေးဓါတ်လွှမ်း၊လွန်ငြိမ်းချမ်း၏။

သည်းခံသင့်တာ သည်းခံပါ။

သည်းခံမှုကအပြုတရား၊
ဒေါသဖက်ကအဖျက်တရား၊
လွန်ခြားနား၏။
စိတ်ထားမှန်စွာ၊ သည်းခံသင့်တာ။
သည်းခံရာ၏။
စိန်ရှည်ဇွဲသန်၊
သည်းညည်းခံက၊
ပြုရန်ကိစ္စ၊အောင်မြင်ကြလိမ့်။
ဒေသတိုင်းမှာ ၊ ဒေါသပါလျက်၊
ပြန်ကာတွန်းလှန်။သည်းမခံက၊
ဘေးရန်လည်းများ၊အမုန်းပွား၏။


1 comment: